July 31, 2014

အမှတ် ၄/၅ ဘုရင့်ဂေါ်ရခါးတပ်ရင်း၏ ပခုက္ကူတိုက်ပွဲ နှင့် ဧရာဝတီမြစ်ကူးစစ်ဆင်ရေး (နိဂုံး)


စစ်ဆင်ရေးစီမံချက်ဖြစ်သော မိတ္ထီလာကို သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်များ ဧရာဝတီမြစ်ကို ဖြတ်ကူး ရန် အရေးကြီးပေသည်။ အမှတ် (၄/၅) ဂေါ်ရခါးတပ်ရင်း ပခုက္ကူမြို့ကို သိမ်းပိုက်ရရှိလိုက်ခြင်းသည် နောက်တပ်မတစ်ခု ဖြစ်သည့် အမှတ် (၁၇) အိန္ဒိယတပ်မအတွက် ရှေ့ကိုဆက်သွားရန် လမ်းပွင့်သွားပေသည်။ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့တွင် (၄/၅) ဂေါ်ရခါးတပ်ရင်းသို့ အထက်မှ အမိန့်ရောက်လာသည်။ ပခုက္ကူမြို့၏အရှေ့ဖက် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းငယ် တကျွန်းကို တက်ရောက်ရှင်းလင်းရန်ဖြစ်သည်။ ထိုကျွန်းငယ်တွင် ဂျပန်တပ်များ တပ်စွဲ ထားသောကြောင့် ရှေ့သို့ ဆက်လက်ချီတက်ရေးတွင် အနှောင့်အယှက်ဖြစ်နေသည်။ ကျွန်းမှာ ၃ မိုင်ကျယ်ဝန်းပြီး ၅ မိုင်ရှည်လျားခါ လယ်ကွင်းများ၊ ကျေးရွာများ ရှိပြီး သစ်တောများ၊ ဆင်ငိုမြက်များလည်း ရှိသည်။ တပ်ခွဲ (၁) နှင့် တပ်ခွဲ (၂) တို့သည် ကျွန်း၏ အရှေ့ဖက် နှင့် တောင်ဖက်တို့ကိုတက်တိုက်ခဲ့သည်။ တပ်ခွဲ (၄) တိုက်ရသော မျက်နှာစာ၌ ဂျပန်တို့သည် ခံစစ်ကျင်းကို အခိုင်အမာ တူးထားပြီး ပြင်းထန်စွာခုခံခဲ့သည်။ ဂျပန်တို့၏ခံစစ်ကျင်းများသည် ဆက်သွယ်ရေးမြောင်းများဖြင့် စံနစ်တကျ တည်ဆောက်ထားသည်။ တပ်ခွဲ (၃) သည် ရှေ့ကိုတိုးပြီး ဆက်လက်ရှင်းလင်းခဲ့ရာ ဂျပန်များဆုတ်ပြေးသွားသဖြင့် ဂျပန် တို့၏စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။ ဂျပန်များ ကျွန်းပေါ်မှ ဆုတ်ပြေးသွားပြီဖြစ်သောကြောင့် (၄/၅) ဂေါ်ရခါးတပ်ရင်း သည် ပခုက္ကူမြို့သို့ ပြန်လာခဲ့သည်။

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ဂေါ်ရခါးတပ်ရင်းသည် ပခုက္ကူမြို့၏တောင်ဖက်မှ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး ညောင်ဦးမြို့ကို ချီတက်ခဲ့ကြသည်။ ဂျပန်တပ်များသည် ဘုရားတစ်ဆူရှိသော တောင်ကုန်းတစ်ခုပေါ်မှ အပြင်းအထန် ခုခံရာ ဂေါ်ရခါးတပ်ရင်းမှ ရှေ့ဖျားချီတပ်များသည် ဂျပန်တို့၏ကျည်ဆံများအောက်တွင် ခေါင်းမဖေါ်နိုင်အောင် ရှိခဲ့ရသည်။ ဗိုလ်ကြီး G W Maycock ကွပ်ကဲသောတပ်ခွဲသည် အမြောက်ပစ်ကူဖြင့် ဂျပန်များနေရာယူထားသော တောင်ကုန်းကို တက်ရောက်သိမ်းပိုက်ခဲ့ရာ ဂျပန်စစ်သား ၃၉ လောင်းနှင့်အတူ  ညောင်ဦးရှိ ဂျပန်တပ်စခန်းကိုသိမ်းပိုက်ပြီး တပ်စွဲထား လိုက်သည်။


ဂေါ်ရခါးတပ်ရင်းသည် ညောင်ဦး-ကျောက်ပန်းတောင်းလမ်းတလျောက်ရှိ ဂျပန်တပ်များကို ရှင်းလင်းရန် အထက် မှ အမိန့်ရရှိခဲ့သည်။ ပုဂံ၏အရှေ့တောင်ဘက် ၁၁ မိုင်အကွာရှိ မြောက်ငါးလိုက်ရွာတွင် ဂျပန်တပ်များနှင့် တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် (၄/၅) ဂေါ်ရခါးတပ်ရင်းမှ အင်အားလျှော့နည်းနေသော တပ်ခွဲ (၂) နှင့် တပ်ခွဲ (၄) တို့သည် အမှတ် (၂၅၅) အိန္ဒိယတင့်ကားတပ်မဟာ၏ လက်အောက်ခံ အမှတ် (၁၁၆) တင့်ကားတပ်ရင်း (Gordon Highlanders)၏ ပစ်ကူဖြင့် ဂျပန်များတပ်စွဲထားသောရွာကို တိုက်ခိုက်ခဲ့သည်။ ဂျပန်တို့သည် ရွာထိပ်ရှိ သောက်ရေကန်ဘေးတွင် ပစ်ကျင်းများတူး၍ အပြင်းအထန်ခုခံနေရာ ဗိုလ်Buckley ကွပ်ကဲသော တင့်ကားတပ်ဖွဲ့ နှင့် ကွန်မင်ဒိုတပ်စုမှ ဂျပန်များကိုတိုက်ခိုက်ရှင်းလင်းခဲ့ရသည်။ တချိန်တည်းတွင် တပ်ခွဲ (၁) မှ ဂျပန်များတပ်စွဲထားသောရွာကို တိုက်ခိုက်သိမ်းပိုက်ရန် အသင့်ပြင်ဆင်ထားသည်။ ဂျပန်တပ်များသည် ရွာတွင်းရှိ အိမ်များအတွင်းမှ ခုခံနေသဖြင့် အိမ်များ ကို ပစ်ခတ်ခဲ့ရသည်။ ထိုတိုက်ပွဲ၌ အရာရှိတဦး အပါအ၀င် ဂျပန်စစ်သား ၇ ယောက်ကျဆုံးသွားသည်။ တိုက်ပွဲတွင် ဒဏ်ရာရ ဂျပန်သုံ့ပန်းအများအပြားကို လက်ရဖမ်းဆည်းနိုင်ခဲ့သဖြင့် တင့်ကားများအပေါ်တင်ကာ တပ်မဌာနချုပ်သို့ လွှဲပြောင်းပေးလိုက်သည်။


ဂေါ်ရခါးတပ်ရင်းသည် ညောင်ဦးမြို့တွင် နောက်ထပ် ၆ ပတ်အထိ ခြေကုပ်ယူတပ်စွဲထားခဲ့၏။ ဧပြီလတလလုံး မဟာမိတ်တပ်များသည် ထိုဒေသအတွင်းရှိ ဂျပန်တပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်နေခဲ့သည်။ ဧပြီလ ၃၀ ရက်နေ့တွင် (၄/၅) ဂေါ်ရခါးတပ်ရင်းသည် ပွင့်ဖြူကိုသိမ်းပိုက်လိုက်ပြီး ပုဂံကျေးရွာတွင် တပ်စွဲထားသောဂျပန်တပ်များကို ရှင်းလင်းရန် ချီတက်ခဲ့သည်။ မေလ ၅ ရက်နေ့တွင် ပတ်လည်ခံစစ်ယူထားသော ဂျပန်တပ်များကို တောင်ဘက်မျက်နှာစာမှ စတင် ထိုးစစ်ဆင်ခဲ့သည်။ ၇ ရက်နေ့တွင် ဂျပန်တပ်တို့၏ ထွက်ပေါက်ဖြစ်သော ကားလမ်းကို ပိတ်ဆို့လိုက်သည်။ မေလ ၈ ရက်နေ့၌ ပုဂံကျေးရွာတွင် တပ်စွဲထားသော ဂျပန်တပ်များကို ချေမှုန်းသုတ်သင်နိုင်ခဲ့သည်။

အောင်ပွဲ

ဤစစ်ဆင်ရေးကြီးကိုဆင်နွှဲနေတုန်း တပြိုင်နက်တည်း ဧရာဝတီမြစ်အနောက်ဘက်ကမ်း၌လည်း မန္တလေးမြို့ သိမ်းတိုက်ပွဲကြီးအတွက် မဟာမိတ်တပ်များနှင့် ဂျပန်တပ်များသည် အကြိတ်အနယ် တိုက်ပွဲကြီးများဖြစ်ခဲ့ပါသည်။ နောက်ဆုံး ဂျပန်တပ်များ ရှုံးနိမ့်သဖြင့် စစ်တောင်းမြစ်၏ အရှေ့ဖက်ကမ်းအထိ ဖရိုဖရဲ တပ်ပျက်ပြီး ဆုတ်ခွာသွားကြသည်။ ၁၉၄၅ ခုနှစ် မေလ ၂ ရက်နေ့တွင် မဟာမိတ်တပ်များသည် ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့ကြသည်။ မုတ်သုန်ရာသီလည်း မကြာမီကျလာတော့မှာ ဖြစ်သလို နောက်ဆုံးအဆင့် ကောက်သင်းကောက်စစ်ဆင်ရေးလည်း ပြုလုပ်ရန်ရှိပါတော့သည်။ မေလ ၁၄ ရက်နေ့တွင် (၄/၅) ဂေါ်ရခါးတပ်ရင်းသည် ပုဂံမှထွက်ခွာလာရာ ပြည်မြို့၏မြောက်ဖက် မိုင် ၄၀ အကွာရှိ အာလံမြို့ (မြေထဲမြို့) သို့ ရောက်ရှိလာသည်။ နောက်စစ်ဆင်ရေးအတွက် ပြည်မြို့သို့ပြောင်းရွှေ့ရန် မေလ ၂၇ ရက်နေ့ တွင် တပ်ရင်းသို့ အမိန့်ရောက်ရှိလာပါသည်။

No comments:

Post a Comment