July 9, 2014

နျူကလီးယားလက်နက်နှင့် အမေရိကန်တပ်မတော်



(အမေရိကန်တို့၏ နည်းပညာပြောင်းလဲတိုးတက်လာမှုနှင့် စစ်ဆင်ရေးမူဝါဒများစာအုပ်အားအခန်းဆက်ဖြင့် ဖော်ပြနေခြင်းဖြစ်ပါသည်။ မူကြမ်းဖြစ်ပြီး ပြန်လည်တည်းဖြတ်ရခြင်းမရှိသေးသဖြင့် စာလုံးပေါင်းနှင့်အခေါ်အဝေါ်များမှားယွင်းမှုရှိမည်ဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါသည်) 


မဟာဗျူဟာမြောက်ကင်းထောက်ခြင်းနည်းပညာတိုးတက်လာမှုသည် အမေရိကန်တပ်မတော်တွင် နျူကလီးယားလက်နက်တီထွင်ခြင်းနှင့် ၄င်းအားပစ်လွှတ်မည့်တာဝေးပစ်တိုက်ယာဉ်များ တီထွင်ရေးအစီအစဉ် များကဲ့သို့ပင် အဓိကအခန်းကဏ္ဍမှအရေးပါခဲ့သည်။ အဆိုပါနည်းပညာတိုးတက်လာမှုကို စစ်သမိုင်းနှင့် ကာကွယ်ရေးသုတေသီများက စစ်မှုရေးရာတော်လှန်ဆန်းသစ်မှု
တစ်ခုဟုလည်းကောင်း၊ ဆိုဗီယက်စစ်ဘက် သီအိုရီပညာရှင်များက စစ်ဘက်နည်းပညာတော်လှန်ဆန်းသစ်မှုတစ်ခုဟုလည်းကောင်း ညွှန်းဆိုခဲ့ကြသည်။ ယင်းတို့အနေဖြင့် နျူကလီးယားလက်နက်များ၊ ၄င်းအားပစ်လွှတ်မည့်စနစ်များ၊ စစ်ဆင်ရေးအယူအဆသစ်များနှင့် ဖွဲ့စည်းပုံပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် စစ်ဆင်ရေးပုံစံများကိုလည်း သိသိသာသာ ပြောင်းလဲလာစေမည်ဖြစ်ကြောင်း ရှုမြင်သုံးသပ်ခဲ့ကြသည်။ ထို့အပြင် နျူကလီးယားလက်နက်များတိုးတက် ဆန်းသစ်လာခြင်းကြောင့် စစ်ဆင်ရေးနည်းလမ်းသစ်များကို ဖန်တီးလာစေမည်ဖြစ်ပြီး လက်ရှိစစ်ဆင်ရေးပုံစံ များမှာလည်း တစ်ခုပြီးတစ်ခု ခေတ်ဟောင်းသွားမည်ဖြစ်ကြောင်း ဟောကိန်းထုတ်ခဲ့ကြသည်။

နျူကလီးယားလက်နက်၏ ဖျက်ဆီးနိုင်စွမ်းအားကို ဟီရိုရှီးမားမြို့နှင့် နာဂါဆာကီမြို့တို့တွင် သက်သေ ပြနိုင်ခဲ့သော်လည်း ၄င်းလက်နက်များကို မွမ်းမံ၍တီထွင်ဆန်းသစ်မှုများပြုလုပ်ရာတွင် မျှော်မှန်းထားသည်ထက် နှေးကွေးနေဆဲဖြစ်သည်။ ၁၉၅၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် နျူကလီးယား စစ်ဆင်ရေးအား ဒုတိယကမ္ဘာစစ်ကြို ခေတ်ကပြုလုပ်ခဲ့သည့် မဟာဗျူဟာမြောက်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုသီအိုရီတွင် ထည့်သွင်းပေါင်းစပ်နိုင် ရန်မျှော်မှန်းခဲ့ကြသည်။ သို့သော် စစ်ဘက်သီအိုရီပညာရှင်များကမူ နျူကလီးယားဗုံးများအား အရေအတွက် များစွာထုတ်လုပ်နိုင်စွမ်းကန့်သတ်ချက်နှင့် တိကျစွာပစ်ခတ်ရန် လိုအပ်ချက်များအရ စွမ်းအားပြည့်လက်နက် ဟု ယူဆ၍မရသေးဘဲ ကြည်းတပ်နှင့်ရေတပ်ဖွဲ့များကသာ အဓိကအခန်းကဏ္ဍမှ ဆက်လက်အရေးပါနေဦး မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလစစ်ပွဲများတွင် စစ်စည်းရုံး၍အမှည့်ချွေစစ်ဆင်မှုများမှာလည်း ဆက်လက် အရေးပါနေဦးမည်ဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။ သို့သော် ၁၉၄၅ ခုနှစ်နှင့် ၁၉၆၀ ပြည့်နှစ်များတွင် နျူကလီး ယားလက်နက်များသည် ပို၍စွမ်းဆောင်ရည်ပြည့်ဝပြီး အရေအတွက်အများအပြား ထုတ်လုပ်နိုင်ကာ တပ်ဆင်ရလွယ်ကူသော လက်နက်စနစ်များအဖြစ်သို့ ရောက်ရှိလာသဖြင့် သုတေသီများမျှော်မှန်းခဲ့သည့် အခြေအနေနှင့် လုံးဝကွဲပြား
စွာပြောင်းလဲတိုးတက်ခဲ့ပါသည်။

နျူကလီးယားလက်နက်များပိုင်ဆိုင်သောတပ်မတော်အား မည်သို့မျှသွေးတိုးစမ်းရဲမည်မဟုတ်ဟုလည်း ယူဆလာခဲ့ကြသည်။ တကယ်တမ်းတွင် အမေရိကန်တပ်မတော်သည်ပင် ဒုတိယကမ္ဘာစစ်နှောင်းပိုင်းနှစ်များ ကာလအထိတိုင်အောင် နျူကလီးယားစစ်ပွဲများကို ဆက်လက်ဆင်နွှဲနိုင်ရေးအတွက် ကန့်သတ်ချက်များကျန်ရှိ နေဆဲဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ၁၉၄၅ ခုနှစ် ဒီဇင်ဘာလတွင် နျူကလီးယားဗုံး ၃ လုံး၊ ၁၉၄၆ ခုနှစ် ဇူလိုင်လတွင် ၉ လုံး၊ နောက်တစ်နှစ်အကြာ ၁၉၄၇ ခုနှစ်တွင် ၁၃ လုံးနှင့် ၁၉၄၈ ခုနှစ်တွင် ၅၀ လုံး အထိပိုင်ဆိုင်ခဲ့သည်။ ၄င်းဗုံးအားလုံးမှာMark 3 " Fast Man '' အမျိုးအစားများဖြစ်ကြပြီး အလေး ချိန် ၅ တန်စီရှိကြသည်။ ၄င်းတို့အား တပ်ဆင်ပစ်ခတ်ရာတွင် အင်အား ၃၉ ဦးပါ အဖွဲ့ဖြင့် ၂ ရက်အကြာ ပြင်ဆင်ရန်လိုအပ်သည်။

၁၉၄၈ ခုနှစ်မတိုင်မီအထိ အမေရိကန်လေတပ်ဖွဲ့တွင် အဆိုပါနျူကလီးယား လက်နက်တပ်ဆင်ပစ်ခတ်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခြင်းမရှိသေးပေ။ ၄င်းလက်နက်များသည် လွန်စွာကြီးမား လေးလံသဖြင့် ဗုံးကြဲလေယာဉ်များတွင် တပ်ဆင်ရာတွင်လည်း အထူးကိရိယာများကို အသုံးပြုရသည်။ ၁၉၄၅ ခုနှစ်တွင်SAC သည်နျူကလီးယားလက်နက်များကို သယ်ဆောင်နိုင်သော အဆင့်မြှင့်တင်ထားသည့်B-29 ဗုံးကြဲ လေယာဉ် စီးရေ ၃၀ ကို နယူးမက-ဆီကိုပြည်နယ်၊ ရိုစီဝဲအခြေစိုက် အမှတ်(၅၀၉)ဗုံးကြဲလေယာဉ် အုပ်သို့ တွဲဘက်ပေးခဲ့သည်။ သို့သော်နျူကလီးယားဗုံးများကို တပ်ဆင်ပစ်လွှတ်မည့် အဖွဲ့သားဦးရေ ၅၀ ခန့်ကိုသာ လေ့ကျင့်ပေးထားနိုင်ခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီး Curtis LeMay က စစ်ဆင်ရေးကာလ အတွင်းအဖွဲ့သားတစ်ဦးတည်းဖြင့် ချဉ်းကပ်၍ နျူကလီးယားဗုံးအား ပစ်မှတ်ကိုတိကျစွာပစ်ခတ်ရန် လွယ်ကူ မည်မဟုတ်ဟုSAC ဌာနချုပ်အား တင်ပြခဲ့သည်။

နျူကလီးယားလက်နက်များအား အမေရိကန်တပ်မတော်၏ တပ်ဖွဲ့အသီးသီးသို့ တပ်ဆင်ပေးနိုင်ရန် လုပ်ငန်းစဉ်များမှာ နှေးကွေးနေသဖြင့် ယင်းလုပ်ငန်းစဉ်များကို ထိပ်တန်းလျှို့ဝှက်အဆင့်သတ်မှတ်ထား
ခဲ့သည်။ နျူကလီးယားဗုံးများတည်ဆောက်မှုနှင့် ထိန်းချုပ်မှုများကို ACE အရပ်ဘက်နျူကလီးယားစွမ်းအင်ကော်မရှင် ကတာဝန်ယူဆောင်ရွက်ခဲ့သည်။ အမေရိကန်သမ္မတသည် ၁၉၄၇ ခုနှစ် နွေဦးကာလအထိတိုင်အောင်
နျူကလီးယားလက်နက်များ ပိုင်ဆိုင်သည့်အရေအတွက်ကို တရားဝင်ရှင်းလင်းပြောကြားခြင်းမရှိသလို ပူးပေါင်း စစ်ဦးစီးချုပ်ကလည်း ၁၉၄၇ နှစ်ကုန်အထိ စစ်ဆင်ရေးစီမံချက်များအတွင်း နျူကလီးယားလက်နက် များအသုံးပြုရန်အတွက် ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိပေ။ ၁၉၄၈ ခုနှစ်စက်တင်ဘာလတွင်မူ အမျိုးသား လုံခြုံရေးကောင်စီ(NSC)သည်NSC-30 ဟုအမည်ပေးထားသည့် နျူကလီးယားစစ်ဆင်ရေးမူဝါဒတစ်ခုကို အဆိုပြုခဲ့ရာအောင်မြင်ခဲ့သဖြင့် အမေရိကန်တပ်မတော်သည် စစ်ဖြစ်ပွားအချိန်အတွင်း နျူကလီးယား လက်နက်များအသုံးပြုရန် အစီအစဉ်များချမှတ်ဆောင်ရွက်ခဲ့သည်။ သို့သော် နျူကလီးယားလက်နက်များ အသုံးပြုရန် လိုအပ်လာပါက သမ္မတထံပြန်လည်တင်ပြ၍ခွင့်ပြုချက်တောင်းခံရန် သတ်မှတ်ထားခဲ့သည်။

၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ် ကာလအထိ လက်နက်ဒီဇိုင်းပိုင်းဆိုင်ရာပညာရှင်များသည် မြေု၃ နျူကလီးယားဗုံးများအား တီထွင်ဆန်းသစ်မှုများကို ၂၅ ကြိမ်မက ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ ဒီဇိုင်းပိုင်းဆိုင်ရာ၊ ပေါင်းစပ်ဖွဲ့စည်းမှုပိုင်းဆိုင်ရာ၊ တည်ငြိမ်စွာ ပျံသန်းနိုင်မှုနှင့် ပေါက်ကွဲမှုစွမ်းအားပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ
ကို ပြုလုပ်ပေးခဲ့ကြသည်။ ၁၉၅၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် အဆင့်မြှင့် တင်ထားသည့် နျူကလီးယားဗုံးတစ်လုံးအား ပထမဆုံးအကြိမ်စမ်းသပ်ဖောက်ခွဲမှုပြုလုပ်ခဲ့သည်။ ထိုနောက်ပိုင်း ၁၉၅၂ ခုနှစ်မှ စတင်၍ နျူကလီးယားလက်နက်အမြောက်အများကို ထုတ်လုပ်ခဲ့သည်။Edward Teller, E.O Lawrence နှင့် နျူကလီးယားစွမ်း
အင်ကော်မရှင်ဥက္ကဌ Lwwis Strauss တို့ပါဝင်သော စစ်ဘက်နှင့် အရပ်ဘက်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် သာမိုနျူကလီးယား (အပူချိန်မြင့်မားသည်နျူကလီးယားဗုံး) လက်နက်စနစ်များကို ထိပ်တန်းဦးစားပေးတီထွင်ရန်အတွက် အမေရိကန်အစိုးရအား အကြံပြုတင်ပြခဲ့ကြ သည်။

၎င်းစီမံကိန်းမှာ သီအိုရီပိုင်းဆိုင်ရာနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ စိန်ခေါ်မှုများစွာကို ကြုံတွေ့နေရသည်။ သိပံ္ပပညာရှင်အသိုင်း အ၀န်းကလည်း ၄င်းစီမံကိန်းကိုအကူအညီပေးရန် စိတ်ဝင်စားခြင်းမရှိခဲ့ပေ။ သိပ္ပံပညာ ရှင်တစ်ဦးဖြစ်သူJ.Robert Oppenheimerက ၄င်းသာမိုနျူကလီးယားဗုံးထက် ပိုမိုပြည့်စုံစွာ ဆင့်ကွဲပေါက်ကွဲ မည့် နျူကလီးယားလက်နက်များကို အလိုရှိခဲ့သည်။ ဗျူရိုကရက်တစ်ပိုင်းဆိုင်ရာတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် သာမိုနျူကလီးယား လက်နက်တီထွင်ရေးအစီအစဉ်ကို ၁၉၄၈ ခုနှစ်တွင် စတင်တီထွင်ရန်ဆုံးဖြတ်ခဲ့ပြီး သမ္မတထရူမင်းကလည်း ၁၉၅၀ ပြည့်နှစ် ဇန်န၀ါရီလတွင် အတည်ပြုပေးခဲ့သည်။







အမေရိကန်ပြည်ထောင်စုသည် ပထမဆုံးသာမိုနျူကလီးယားလက်နက်ကို ၁၉၅၂ ခုနှစ် အောက်တိုဘာ လတွင် စမ်းသပ်ဖောက်ခွဲနိုင်ခဲ့သည်။ အမေရိကန်တို့သည် နျူကလီးယားလက်နက်များ၏ အရွယ်အစားကို
လျော့ချနိုင်ရန်အတွက်လည်း ကြိုးပမ်းခဲ့ကြသည်။ ၁၉၅၃ ခုနှစ်တွင်SAC သည် နျူကလီး ယားလက်နက်များကို+ပစ်လွှတ်ရေးနှင့်ပတ်သက်၍ ပို၍ကောင်းမွန်သောစွမ်းဆောင်ရည်ကို ပိုင်ဆိုင်နိုင် ခဲ့သည်။ ၄င်းလက်နက် များအား လေယာဉ်အတွင်း ထည့်သွင်း၍သော်လည်းကောင်း၊ အခြားကိရိယာများဖြင့် သယ်ဆောင်ခြင်း တို့ပြုလုပ်ရာတွင်လည်းကောင်း ပိုမိုလုံခြုံမှုရှိသော နည်းလမ်းများကိုလည်း တီထွင်ဆန်းသစ် နိုင်ခဲ့သည်။ နျူကလီ ယားဗုံးစနက်တံများ၏ ဒီဇိုင်းပိုင်းကို ပြောင်းလဲခဲ့သည့်အပြင် ကိုယ်ထည်ပိုင်းကိုလည်း ပိုမိုထူထဲသော သတ္တုစပ်များကို အသုံးပြုတည်ဆောက်ခဲ့သဖြင့် ရေဒီယိုသတ္တု<ကများပါဝင်မှုကို လျော့ချနိုင်ခဲ့ သည်။ အမေရိကန်တို့သည် ဆိုဗီယက်အား ယှဉ်ပြိုင်နိုင်ရန်အတွက် တိုက်ချင်းပစ်ဒုံးပျံများနှင့် ခရုစ်ပဲ့ထိန်းဒုံးများ တို့ကိုသာမက တော်ပီဒိုများ၊ အမြောက်ကျည်များ၊ ဒုံးလက်နက်များနှင့် မိုင်းများတို့ကိုလည်း အဆင့်မြှင့်တင် မှုများပြုလုပ်ခဲ့သည်။ ထို့အပြင်Los Alamos နှင့်Lawrence Livermore အမျိုးသားသုတေသနဌာနတို့ သည်လည်း နျူကလီးယားလက်နက်များ၏ အရွယ်အစားကိုလျော့ချနိုင်ရန်ကြိုးပမ်းခဲ့ကြသည်။ အမေရိကန်တို့ ၏ပထမဆုံးသော သာမိုနျူကလီးယားဗုံးသည် အရှည် ၂၂ ပေအထိရှိခဲ့သော်လည်း ၁၉၆၂ ခုနှစ်တွင် အရှည် ၂ ပေနှင့် လုံးပတ် ၁ ပေအထိလျော့ချနိုင်ခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်-ရန်နိုင်)

No comments:

Post a Comment