အလယ်ခေတ်တွင် မြင်းကုန်းနှီးနှင့် ခြေနင်းကွင်းများတီထွင်လာနိုင်ခဲ့သည့်အတွက် မြင်းစီးစစ်သည်တော်များသည် မြင်းပေါ်တွင်တည်ငြိမ်စွာစီးနင်းလိုက်ပါနိုင်သဖြင့် ပြင်းထန်စွာလေ့ကျင့်ထားပြီး သတ္တိကောင်းသည့် သံချပ်ကာဝတ်မြင်းစီးသူရဲကောင်းများသည် ကြောက်စရာအကောင်းဆုံးရန်သူများဖြစ်လာပါသည်။ သို့တိုင် ခြေလျင်စစ်သည်များမှာလည်း စစ်မြေပြင်မှကွယ်ပျောက်မသွားခဲ့ပါ။ ၁၄ ရာစုအစောပိုင်းတွင် ထိုးထွင်းကြံဆတတ်သည့် တပ်မှူးများသည် ရှေ့ယခင်ဖားလန့်စ်နှင့် လီဂျင်တပ်များဖွဲ့စည်းပုံကို ပြန်လည်ဖော်ထုတ် လာခဲ့ပါသည်။ ထိုတပ်ဖွဲ့များတွင် အင်္ဂလိပ်လေးရှည်များနှင့် မီးပေါက်သေနတ်များကဲ့သို့ အဝေးပစ်လက်နက်များတပ်ဆင်လိုက်သောအခါ ၎င်းင်းတို့သည် မည်မျှသတ္တိကောင်းပြီး ကျွမ်းကျင်သည့်သံချပ်ဝတ်မြင်းစီးသူရဲကောင်းကိုမဆို ချေမှုန်းနိုင်လာပါသည်။
တိုတိုဆိုရလျှင် စက်မှုတော်လှန်ရေးနောက်ပိုင်းတွင် စစ်နည်းဗျူဟာများနှင့်ဖွဲ့စည်းပုံ များစွာတိုးတက်လာခဲ့ပါသည်။ တစ်ဦးချင်းတိုက်ခိုက်သည့် ဓားရေးလှံရေးကျွမ်းကျင်သော စစ်သည်တော်များသည် စွမ်းရည်မျိုးစုံကိုပေါင်းစပ်ထားပြီး တင်းကျပ်စွာထိန်းချုပ်ထားသည့် အဖွဲ့စနစ်ဖြင့်တိုက်ခိုက်သောရန်သူကို ထိရောက်စွာယှဉ်နိုင်ခြင်းမရှိတော့ပေ။ စစ်မြေပြင်တွင် တပ်မှူးများအနေဖြင့် ခြေလျင်စစ်သည်များ၊ အမြောက်ပစ်စစ်သည်များနှင့် အတားအဆီး များကိုဆောက်လုပ်ပေးမည့် (သို့မဟုတ်) ရန်သူ့အတားအဆီးများကိုချိုးဖျက်ပေးမည့် စစ်သည်များအစရှိသည့် မတူခြားနားသောစွမ်းရည်များကို မည်သို့ဟန်ချက်ညီညီ ပေါင်းစပ် အသုံးချရမည်ဆိုသည်ကသာ အဓိကကျလာပါသည်။ စစ်နည်းဗျူဟာဟူသည် တိုက်ခိုက်ရေး လက်ရုံးဟုခေါ်ကြသည့် ထိုတပ်ဖွဲ့များကိုတပ်ဖြန့်စစ်ကစားစေခြင်း ဖြစ်လာပါသည်။
ပေါင်းစပ်လက်ရုံးတပ်ဖွဲ့များ
““ကျွန်တော်တို့ဟာ မြင်းတပ်စစ်နည်းဗျူဟာ၊ အမြောက်တပ်စစ်နည်းဗျူဟာ၊ ခြေလျင်တပ်စစ်နည်းဗျူဟာဆိုပြီး ပြောနေကြတယ်။ ဒါဟာတကယ်တမ်းမှာ အဓိပ္ပါယ် မရှိပါဘူး။ တကယ်တော့ စစ်နည်းဗျူဟာတစ်ခုတည်းရှိပါတယ်။ ဒါကတော့ စစ်လက်ရုံး ပေါင်းစုံကို ပေါင်းစပ်အသုံးချတဲ့နည်းဗျူဟာဖြစ်ပါတယ်။””
(ဗိုလ်မှူး ဂါရယ်ဂီးလ်ဘတ်၊ ၊ဗြိတိသျှတပ်မတော် ၊ ၁၉၀၇)
(ဗိုလ်မှူး ဂါရယ်ဂီးလ်ဘတ်၊ ၊ဗြိတိသျှတပ်မတော် ၊ ၁၉၀၇)
မြေပြင်တိုက်ပွဲများတွင် လက်ရုံးတပ်ဖွဲ့များကို ပေါင်းစပ်အသုံးချသည့်အယူအဆမှာ ရာစုနှင့်ချီ၍ရှိခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ထိုသို့လက်ရုံးတပ်ဖွဲ့များပေါင်းစပ်သည့် သဘော သဘာဝနှင့် တပ်ဖွဲ့စည်းပုံအဆင့်မှာမူ များစွာပြောင်းလဲခဲ့ပါသည်။ ၁၇ ရာစု အစောပိုင်းတွင် ခြေလျင်၊ အမြောက်နှင့်မြင်းတပ်များသည် လူရာဂဏန်းမှ ထောင်ဂဏန်းထိ ပါဝင်သော သီးသန့်တပ်ရင်း၊ တပ်ဖွဲ့များအဖြစ်တိုက်ပွဲဝင်ခဲ့ကြပါသည်။ အင်ဂျင်နီယာများမှာ ပို၍ပင်နည်းပါးကာ တံတားများတည်ဆောက်ခြင်းနှင့် ကတုတ်ကျင်းများတူးရာတွင် တပ်မှူးကိုအကြံပြုခြင်းများ ဆောင်ရွက်ကြပါသည်။ ထိုတပ်ဖွဲ့များသည် စစ်မြေပြင်တွင် သီးသန့်လုပ်ငန်းတာဝန်များဆောင်ရွက်ခဲ့ကြပြီး ထိပ်တန်းတပ်မှူးကြီးများသာ သက်ဆိုင်ရာ လက်ရုံးအသီးသီး၏ လုပ်ငန်းတာဝန်များကို ပေါင်းစပ်ညှိနှိုင်းခဲ့ကြပါသည်။ နောက်ပိုင်းရာစု များတွင်မူ လက်ရုံးတပ်များပေါင်းစပ်စစ်ဆင်မှုသည် တပ်ဖွဲ့ငယ်အဆင့်ထိဖြစ်လာပါသည်။ တပ်မှူးများ၏တာဝန်မှာလည်း လက်ရုံးတပ်ဖွဲ့အားလုံး၏ တိုက်ခိုက်ရေးစွမ်းအားကို အမြင့်ဆုံး ထွက်လာစေရန် လက်ရုံးတပ်ဖွဲ့တစ်ခုစီ၏လုပ်ဆောင်မှုများကို ပေါင်းစပ်ညှိနှိုင်းပေးရန် ဖြစ်လာပါသည်။
ဗိုလ်မှူး ဂါရယ် ဂီးလ်ဘတ်က ““ပေါင်းစပ်လက်ရုံးတပ်ဖွဲ့စစ်နည်းဗျူဟာ””ဟု ပြောကြား ခဲ့သည့်အချိန်တွင် အရာရှိအများစုသည် ပါးစပ်ကသာပြောနေကြပြီး နည်းဗျူဟာအဆင့်၊ ပြောရလျှင် အင်အား ၂၀၀၀ ခန့်ပါဝင်သည့်တပ်အဆင့်အထိ ထိုသို့ပေါင်းစပ်ရန် (သို့မဟုတ်) ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ကိုမူ နားလည်သူအနည်းငယ်သာ ရှိပါသည်။ ထိုအချိန် ကတည်းကစ၍ပင် နှစ်ဆယ်ရာစုစစ်ဆင်ရေးများ၊ အထူးသဖြင့် ယန္တရားတင်စစ်ဆင်ရေး များတွင် စစ်သည် ၆ ဦးမှ ၁၀ ဦးအထိပါဝင်သည့် ခြေလျင်တပ်စိတ် အဆင့်တွင်ပင် ပေါင်းစပ် လက်ရုံးတပ်ဖွဲ့ပုံစံတစ်မျိုးမျိုး ကျင့်သုံးရန်လိုအပ်လာပါသည်။ ပေါင်းစပ်လက်ရုံးတပ်ဖွဲ့ စစ်နည်းဗျူဟာများကို မကျင့်သုံးနိုင်ပါက အောင်ပွဲရရန်မဆိုထားနှင့် စစ်မြေပြင်တွင် ရှင်သန် ရပ်တည်ရန်ပင်ဖြစ်နိုင်မည်မဟုတ်ပါ။ သံချပ်ကာယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်စသည်ဖြင့် မည်မျှစွမ်းအားကောင်းသည့် တိုက်ခိုက်ရေးလက်ရုံးမဆို အားသာချက်များနည်းတူ အားနည်းချက်များလည်းရှိသည်သာဖြစ်ပါသည်။ ထို့ကြောင့် လက်နက်တစ်မျိုးတည်း သုံးသည်ထက် လက်နက်မျိုးစုံကိုစနစ်တကျပေါင်းစပ်သုံးခြင်းဖြင့်သာ ရန်သူထက်သာလွန်မှု ရရှိမည်ဖြစ်ပါသည်။
ထိုသို့စစ်လက်ရုံးများကိုပေါင်းစပ်ဖွဲ့စည်းရန်လိုအပ်သော်လည်း တပ်မတော် အများစုသည် ငြိမ်းချမ်းချိန်၌ တပ်ရင်းများတွင်အဓိကလက်နက်တစ်မျိုးမှ သုံးမျိုးအထိသာ ဖွဲ့စည်းထားလေ့ရှိကြပါသည်။ ဥပမာအားဖြင့် အင်အား ၅၀၀မှ ၈၀၀ အထိရှိသော ယန္တရားတင်ခြေလျင်တပ်ရင်း/သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်းတစ်ရင်းတွင် သာမန်အားဖြင့် တိုက်ရိုက်ပစ်လက်နက်များ (ကိုယ်စီလက်နက်၊ စက်သေနတ်၊ စက်အမြောက်)၊ တင့်ဖျက်လက်နက်များနှင့် တာတိုသွယ်ဝိုက်ပစ်လက်နက်များ (စိန်ပြောင်းနှင့် ဗုံးပစ်လောင်ချာ များ)သာတပ်ဆင်ထားပါသည်။ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း တစ်ရင်းတွင် တင့်၊ လေကြောင်းရန်ကာကွယ်ရေး၊ စစ်မြေပြင်အင်ဂျင်နီယာ၊ တာဝေးပစ်အမြောက်နှင့် လေတပ်များ သန္ဓေအဖြစ်ထည့်သွင်းဖွဲ့စည်းထားခြင်းမရှိပါ။ တင့်၊ အမြောက်၊ စစ်မြေပြင် အင်ဂျင်နီယာ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းများမှာ ပို၍ပင်လက်နက်အမျိုးအစားနည်းပြီး ၎င်းင်း၏ လက်နက်နှင့်စွမ်းရည်ပိုင်းတွင် ကန့်သတ်ချက်ပိုရှိပါသည်။
(ဆက်လက်ဖော်ပြပါမည်။)




No comments:
Post a Comment