စစ်နည်းဗျူဟာဆိုသည်မှာ လှုပ်ရှား နိုင်စွမ်း၊ အကာအကွယ်နှင့်ထိုးစစ်ဆင်နိုင်စွမ်းတို့ကို ပေါင်းစည်းထားခြင်းဖြစ်ပါသည်။ လှုပ်ရှားစွမ်းအားဆိုသည်မှာ မြေအနေအထားအမျိုးမျိုးအပေါ်ဖြတ်သန်းပြီး စစ်ကစား နိုင်စွမ်းရှိခြင်းနှင့် ရန်သူပစ်ခတ်မှုအောက်တွင် လူနှင့်ပစ္စည်းများ ရွှေ့ပြောင်းလှုပ်ရှားနိုင်စွမ်း ရှိခြင်းပင်ဖြစ်သည်။ လှုပ်ရှားစွမ်းအားတွင် မိမိတပ်၏လှုပ်ရှားစွမ်းအားသက်သက်မဟုတ်ပဲ အခြားမိမိတပ်များ(သို့မဟုတ်) ရန်သူ့တပ်ဖွဲ့များ၏လှုပ်ရှားမှုနှင့် ဆက်စပ်နေပါသည်။ ပေါင်းစပ်လက်ရုံးတပ်ဖွဲ့တစ်ခုတွင် လှုပ်ရှားစွမ်းအားအနည်းဆုံးတပ်ဖွဲ့က တပ်ဖွဲ့ကြီး တစ်ခုလုံး၏လှုပ်ရှားနိုင်စွမ်းကို ဆုံးဖြတ်ပါသည်။ လှုပ်ရှားစွမ်းအားမရှိပါက အင်အားကို စုစည်းအသုံးပြုခြင်း၊ အခြေအနေဖန်တီးနိုင်ရေးအတွက် စစ်ကစားနိုင်စွမ်းရှိခြင်းတည်းဟူသော စစ်အောင်ရာသောအကြောင်းကြီးများကို အသုံးပြုနိုင်လိမ့်မည်မဟုတ်သဖြင့် အငိုက်ဖမ်း နိုင်ခြင်းဟူသော စစ်အောင်ရာသည့်အကြောင်းကြီးကိုလည်း ရရှိရန်ခက်ခဲပါသည်။
အကာအကွယ်ရှိခြင်းတွင် ရန်သူမှမိမိကိုအငိုက်ဖမ်းမတိုက်ခိုက်နိုင်ခြင်းနှင့် စစ်မြေပြင်တွင်မိမိတပ်များ တိုက်စစ်ဆင်ရန် (သို့မဟုတ်) ခံစစ်ဆင်ရန်အကာအကွယ် ပေးနိုင်ခြင်းဖြစ်ပါသည်။ ထိုသို့စစ်မြေပြင်အကာအကွယ်ရရှိရန် ခံစစ်အတားအဆီးနှင့် အကာအကွယ်များကိုအသုံးပြုခြင်း၊ မြေအနေအထားကိုကျွမ်းကျင်စွာအသုံးပြုခြင်းနှင့် သံချပ်ကာကဲ့သို့ လူလုပ်အကာအကွယ်များကိုသုံးစွဲခြင်းဖြင့် ရရှိနိုင်ပါသည်။ နောက်ဆုံး အချက်ဖြစ်သည့် ထိုးစစ်ဆင်နိုင်ခြင်းသည် ရန်သူအကာအကွယ်ကို ခေတ်ပေါ်လက်နက်များ ပစ်အားဖြင့် ကျော်လွှားခြင်းအပေါ်အမှီပြုနေပါသည်။ ထို့ပြင် ရန်သူထံသို့တိုက်လို ခိုက်လိုစိတ်ပြင်းပြစွာ ချီတက်နေသောတပ်ဖွဲ့များ၏ စိတ်ဓါတ်ခိုင်မာမှုသည်လည်း တိုက်စစ်စွမ်းအား၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
အထက်ပါအချက်သုံးချက်သည် စစ်သမိုင်းတလျောက် တစ်ခုနှင့်တစ်ခု အပြန် အလှန်ဆက်စပ်နေကြပါသည်။ ပြီးခဲ့သည့် ၁၉ ရာစုနှစ်တွင် ပစ်အားပိုင်း၌ အကြီးအကျယ် တိုးတက်လာခဲ့ပြီး ထိုသို့တိုးတက်လာသောပစ်အားကို အကာအကွယ်ရှိသောလှုပ်ရှားမှုနှင့် ၎င်းနှင့်အလားတူပစ်အားတို့ကို ဂရုတစိုက်ပေါင်းစပ်ခြင်းဖြင့်သာ ခက်ခက်ခဲခဲကျော်လွှား နိုင်ပါသည်။ ထိုသို့ပစ်အားနှင့် အကာအကွယ်ကိုပေါင်းစပ်ထားသည့် အမြင်သာဆုံးဥပမာမှာ ပထမကမ္ဘာစစ်က ကတုတ်ကျင်းခံစစ်ကြောင်းစနစ်များဖြစ်ပါသည်။ ထိုသို့အကာအကွယ်နှင့် ပစ်အားကိုပေါင်းစပ်ထားသော ခံစစ်ကြောင်း(အမြောက်၊ စက်သေနတ်များတပ်ဆင်ထားကာ အဆင့်လိုက်ကတုတ်ကျင်းများတူးထားသည့်ခံစစ်ကြောင်းများ)ကို ခြေလျင်တပ်များ ( လှုပ်ရှား စွမ်းအား)၊ အမြောက်ပစ်ကူ (ထိုးစစ်ဆင်နိုင်စွမ်းအား)နှင့် သံချပ်ကာ ( ၎င်းတွင် လှုပ်ရှားစွမ်းအား၊ အကာအကွယ်နှင့် ထိုးစစ်ဆင်နိုင်စွမ်းများပေါင်းစည်းထားပါသည် ) တို့ကို အနီးကပ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိုးဖောက်တိုက်ခိုက်ခဲ့ကြပါသည်။ ထိုသို့ကတုတ်ကျင်း စစ်ဆင်ရေးများမှာ ရိုးစင်းသော်လည်း လှုပ်ရှားစွမ်းအား၊ အကာအကွယ်နှင့် ထိုးစစ် ဆင်နိုင်စွမ်းကို ကောင်းစွာမြင်နိုင်ပါသည်။
လှုပ်ရှားစွမ်းအား၊ အကာအကွယ်နှင့် ထိုးစစ်ဆင်နိုင်စွမ်းအားကို နည်းပညာအရ လက်နက်စနစ်တစ်ခုတည်းတွင်ပေါင်းစပ်ရန်ကြိုးစားလာကြပြီး နည်းဗျူဟာအရ အမျိုးမျိုး သောလက်ရုံးတပ်ဖွဲ့များကို ပေါင်းစပ်အသုံးချရန်လိုအပ်ပါသည်။ ထိုသို့လက်ရုံးတပ်များ ပေါင်းစပ်ဖွဲ့စည်းမှုသည် လက်ရုံးတပ်များ၏တိုက်ပွဲစွမ်းအားကို ထပ်ဖြည့်ပေးနိုင်ရမည် (Supplementary) (သို့မဟုတ်) အပြန်အလှန်ကူပေးနိုင်ရမည် (Complementory) ဖြစ်ပါသည်။ ထိုဝေါဟာရများ၏စကားရပ်အတိုင်း ထပ်ဖြည့်ပူးပေါင်းလက်ရုံးတပ်ဖွဲ့ (Supplementary Combined Arms)သည် လက်နက်တစ်ခု (သို့) လက်ရုံးတပ်ဖွဲ့တစ်ခုကို စွမ်းရည် တက်လာစေရန် အခြားလက်နက်နှင့်လက်ရုံးတပ်ဖွဲ့များ ထပ်ဖြည့်ပေးခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် ပေါင်းစပ်ထားသောပစ်ခတ်မှုစီမံချက်တွင် စိန်ပြောင်းနှင့် အမြောက်ပစ်ခတ်မှု များသည် တစ်ခုကိုတစ်ခု အားဖြည့်ပေးနိုင်ပါသည်။ အလားတူ စစ်မြေပြင်အင်ဂျင်နီယာ များသည် တင့်များအတွက် ပစ်ကျင်းတူးပေးခြင်းဖြင့် သံချပ်ကာယာဉ်များ၏ အကာအကွယ် ကိုတိုးမြှင့်ပေးနိုင်သကဲ့သို့ တံတားဆောက်ပေးခြင်း၊ ရန်သူ၏မိုင်းနှင့် အတားအဆီးများကို ချိုးဖျက်ပေးခြင်းဖြင့် လှုပ်ရှားစွမ်းအားကို တိုးမြှင့်စေနိုင်ပါသည်။ အပြန်အလှန်ကူပေးသည့် ပေါင်းစပ်လက်ရုံး(Complementry Combined Arms)မှာ ထပ်ဖြည့်ပေါင်းစပ်လက်ရုံးနှင့် မတူပဲ စစ်လက်နက် (သို့မဟုတ်) စစ်လက်ရုံးများ၏ မတူညီသောစွမ်းရည်များကို ပေါင်းစပ်ထားသည့်အတွက် ပိုမို၍ရှုပ်ထွေးသော အန္တရာယ်ဖြစ်စေပြီး ရန်သူကို အကျပ်ရိုက်စေပါသည်။ ဥပမာအားဖြင့် မိုင်းကွင်းတစ်ခုသည် တိုက်စစ်ဆင်လာသော တပ်များ၏ ချီတက်မှုကို နှောင့်နှေးစေသော်လည်း လုံးဝရပ်တန့်စေနိုင်ခြင်းမရှိပါ။ သို့ရာတွင် မိုင်းကွင်းများကို အမြောက်နှင့် တင့်ဖျက်လက်နက်များ ပစ်ခတ်မှုဖြင့်ကာကွယ်ထားပါက တိုက်စစ်ဆင်သူသည် အထိအခိုက်အကျအဆုံးခံပြီး မိုင်းရှင်းမည်လော၊ ရှောင်ကွင်းသွားမည်လောဆိုသည့် အကျပ် အတည်းနှင့် ကြုံရမည်ဖြစ်ပါသည်။ ထို့ကြောင့် ခံစစ်ဆင်သူသည် လက်နက်များကို ပိုမိုထိရောက်စေရန်အတွက် လက်နက်အမျိုးမျိုးအား ပေါင်းစပ်ချထားရမည်ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်။)


No comments:
Post a Comment