July 17, 2014

အမှတ် ၄/၅ ဘုရင့်ဂေါ်ရခါးတပ်ရင်း၏ ပခုက္ကူတိုက်ပွဲ နှင့် ဧရာဝတီမြစ်ကူးစစ်ဆင်ရေး (အပိုင်း-၁)

(စာမူပေးပို့လာသော ဆရာ ဦးမျိုးထိုက်အား အထူးကျေးဇူးတင်ရှိပါသည်။)

ပခုက္ကူတိုက်ပွဲ နှင့် ဧရာဝတီမြစ်ကူးစစ်ဆင်ရေးတို့မှာ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဗြိတိသျှတပ် နှင့် ဂျပန်တပ်၏ တိုက်ပွဲစဉ်များ ဖြစ်ပါသည်။ ၁၉၄၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံနယ်စပ်မှ အင်ဖာကို ဂျပန် အမှတ် (၃၃) (၁၅) တပ်မများ နှင့် အိန္ဒိယအမျိုးသားတပ်မတော် အမှတ် (၁) တပ်မတို့က ၀ိုင်းရံတိုက်ခိုက်နေသော်လည်း အကျအဆုံးများသဖြင့် ဆုတ်ခွာနေကြပြီ။ ထိုနည်းတူပင် ကိုးဟီးမားကို ပိတ်ဆို့ တိုက်ခိုက်နေသော ဂျပန် အမှတ် (၃၁) တပ်မသည် အကျအဆုံးများလာသဖြင့် ဆုတ်ခွာစပြုနေပြီဖြစ်သည်။ ဂျပန်ဖက်မှ စစ်သား ၅ သောင်းကျော် ကျဆုံးခဲ့သည်။ ဤအချိန်အခါသည် မြန်မာပြည်အတွင်းရှိ ဂျပန်တပ်များ၏ အချက်အခြာ နေရာများကို ပစ်မှတ်ထားပြီး ဗြိတိသျှတပ်များမှ အထွေထွေထိုးစစ်ကြီး စတင်သင့်ပြီဟု ဗြိတိသျှတပ်မှူးကြီးများက သုံးသပ်ခဲ့ကြသည်။ အမှတ် (၁၄) ဗြိတိသျှတပ်မတော်၏ တပ်မှူးကြီး ဗိုလ်ချုပ်ကြီးဝီလီယံစလင်း ၏ စီမံချက်မှာ မိုးရာသီ ကာလအတွင်း ကိုဟီးမား နှင့် အင်ဖာလွင်ပြင်မှ စစ်ပမ်းနေသော ဂျပန်တပ်များကို အမှတ် (၅) အိန္ဒိယတပ်မ မှ တီးတိန်လမ်းအထိ တိုက်ခိုက်သွားရန်။ တချိန်တည်းတွင် အမှတ် (၁၁) အရှေ့အဖရိကန်တပ်မ ကို ကဘော်ချိုင့်ဝှမ်း အထိ ချီတက်ပြီး ကလေးမြို့တွင် တပ်မ ၂ ခု ပေါင်းဆုံရန် ဖြစ်သည်။

နောက်အဆင့် ထိုးစစ်စီမံချက်မှာ မြန်မာနိုင်ငံအလယ်ပိုင်းကို သိမ်းပိုက်ယူရန်ပင်ဖြစ်သည်။ သံချပ်ကာကားများကို အသုံးပြု၍ ရွှေဘိုလွင်ပြင်ရှိ ဂျပန်တပ်များကို ချေမှုန်းပြီး မန္တလေးမြို့ တောင်ပိုင်းအထိ ခြေကုပ်ယူထားရန်ဖြစ်သည်။ မိုးရာသီကာလအတွင်း မဟာမိတ်တပ်များ ချင်းတွင်းမြစ်ကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။ အမှတ် (၁၄) ဗြိတိသျှတပ်မတော်၏ လက်အောက်ခံ အမှတ် (၄) နှင့် (၃၃) တပ်မကြီး (corps) များက သတ်မှတ်ထားသော နေရာများသို့ စစ်ဦးလှည့်ခဲ့ကြရာ ဂျပန်တပ်များ မျက်လုံးပြူးသွားခဲ့ရသည်။ ဂျပန်တပ်များမှာ မိုးရာသီကာလတွင် စစ်ဆင်ရေးကြီးများ မပြုလုပ်ခဲ့ကြရာ မဟာမိတ်တပ်များ ချီတက်ရောက်ရှိလာသဖြင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြရတယ်။ အမှတ် (၁၄) ဗြိတိသျှတပ်မတော် အတွက် ကြီးမားသော အတားအဆီးမှာ ဧရာဝတီမြစ်ကြီးပင်။ မြစ်အလယ်မှာ ကိုက် ၂၀၀၀ ကျယ်ပြန့်ပြီး သဲသောင်ခုံများ ပေါ်ထွန်းနေသည်။ ဧရာဝတီမြစ်ကြီးကို တည့်တည့်ဖြတ်ကူးပါက အခက်အခဲများစွာကြုံရမည့်အပြင် စစ်ရေးအောင်မြင်မှု ရာခိုင်နှုန်းနည်းလိမ့်မည် လို့ မဟာမိတ်တပ်မှူးကြီးများ သုံးသပ်ခဲ့ကြသည်။

စစ်ဆင်ရေးစီမံချက်

ထိုးစစ်စီမံချက်အဖြစ် ဂျပန်တပ်များကို အလစ်အငိုက်ရစေရန် ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး မန္တလေးမြို့ ပတ်ဝန်းကျင်ရှိ မြေပြန့်နေရာများ နှင့် မိတ္ထီလာဒေသတ၀ိုက်တွင် တိုက်ပွဲကြီးများကို ဆင်နွဲရန် ဖြစ်သည်။ ဧရာဝတီမြစ်ကို ဖြတ်ကူးရန် လုံလောက်သော ပစ္စည်းကရိယာ၊ ရေယဉ်များမရှိသောကြောင့် တနေရာထဲမှ မြစ်ကိုဖြတ်ကူးတာထက် နောက်တနေရာမှ ယောင်ပြလှည့်စား ဖြတ်ကူးရန် ဗိုလ်ချုပ်ကြီးစလင်း ဆုံးဖြတ်လိုက်သည်။

ရန်သူကို လှည့်စားမှုအနေဖြင့် မန္တလေးမြို့တ၀ိုက်ရှိ အင်အားကောင်းသော ဂျပန်တပ်ဖွဲ့များကို ဆွဲဆောင်ရန် မန္တလေးမြို့၏ မြောက်ပိုင်း တနေရာမှ ဧရာဝတီမြစ်ကို ဖြတ်ကူးရန်၊ ဗြိတိသျှတပ်မတော်၏ ပင်မမြစ်ကူးရေးကို မန္တလေးမြို့ ၏ တောင်ပိုင်းတနေရာမှာ ပြုလုပ်ရန်ဖြစ်သည်။ တောင်ပိုင်းမှ မြစ်ဖြတ်ကူးမည့် တပ်ဖွဲ့တွင်ပါဝင်သည့် အမှတ် (၇) အိန္ဒိယတပ်မ၊ အမှတ် (၁၇) အိန္ဒိယတပ်မ၊ အမှတ် (၂၈) အရှေ့အာဖရိကတပ်မဟာ၊ လူရှိုင်းတပ်မဟာ နှင့် အမှတ် (၂၂၅) အိန္ဒိတင့်ကားတပ်မဟာ တို့သည် ဂန့်ဂေါတောင်ကြားမှ တောင်ဖက်သို့ မိုင် ၃၀၀ ချီတက်ပြီး ပခုက္ကူမြို့ကို သိမ်းပိုက်ရန် ဖြစ်သည်။ ဧရာဝတီမြစ်ကို ဖြတ်ကျော်ပြီးနောက် သံချပ်ကာတပ်ဖွဲ့ နှင့် လေကြောင်းအကူအညီတို့ဖြင့် အရှေ့တောင်ဖက်ရှိ မိတ္ထီလာမြို့ နှင့် သာစည်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ရန်ဖြစ်သည်။

အမှတ် (၇) အိန္ဒိယတပ်မ၏ စီမံချက်

၁၉၄၄ ခုနှစ် ဒီဇင်ဘာလဆန်းတွင် ဗိုလ်ချုပ် ဂျီ၊ စီ၊ အီဗင်စ် (Major General G.C. Evans CBE DSO) သည် အမှတ် (၇) အိန္ဒိယတပ်မ၏ တပ်မမှူးဖြစ်လာခဲ့သည်။ အမှတ် (၇) အိန္ဒိယတပ်မတွင် -

(က) အမှတ် (၃၃) အိန္ဒိယခြေလျင်တပ်မဟာ - တပ်မဟာမှူး ဗိုလ်မှူးချုပ်ကော်လင်းဝုဒ် (Brig General R.G. Collingwood) ၏ ကွပ်ကဲမှုအောက်၌ (၄/၁၅) ပန်ဂျပ်တပ်ရင်း၊ (၄/၁) ဂေါ်ရခါးရိုင်ဖယ်၊ (၁) ဗမာတပ်ရင်း တို့ပါဝင်သည်

(ခ) အမှတ် (၈၉) အိန္ဒိယခြေလျင်တပ်မဟာ - တပ်မဟာမှူး ဗိုလ်မှူးချုပ်ကရိုးသား (Brig General W.A. Crowther) ၏ ကွပ်ကဲမှုအောက်၌ (၂) ဘုရင်၏စကော့နယ်ခြားစောင့်တပ်ရင်း၊ (၁/၁၁) ဆစ်ခ်တပ်ရင်း၊ (၄/၈) ဂေါ်ရခါးရိုင်ဖယ် တို့ပါဝင်သည်

(ဂ) အမှတ် (၁၁၄) အိန္ဒိယခြေလျင်တပ်မဟာ - တပ်မဟာမှူး ဗိုလ်မှူးချုပ်ဒင်ဝဒ်ဒယ် (Brig General H.W. Dinwiddle) ၏ ကွပ်ကဲမှုအောက်၌ (၂) တောင်လန်ကက်ရှိင်းယား (South Lancashire) တပ်ရင်း၊ (၄/၁၄) ပန်ဂျပ်တပ်ရင်း၊ (၄/၅) ဘုရင့်ဂေါ်ရခါးရိုင်ဖယ် တို့ ပါဝင်သည်။

(ဃ) တပ်မ၏အခြားတပ်ဖွဲ့များမှာ - (၇/၂) ပန်ဂျပ်တပ်ရင်း (တပ်မ၏အရံ)၊ (၂) ဘာရိုဒါတပ်ရင်း (တပ်မ၏လုံခြုံရေး)၊ စက်သေနတ်တပ်ရင်း၊ (၁၃) နယ်ခြားစောင့်တပ်ရင်း၊ (၁၃၆) နှင့် (၁၃၉) စစ်မြေပြင်အမြောက်တပ်ရင်းများ၊ (၂၄) တင့်ကားပစ် အမြောက် တပ်ရင်း၊ (၂၅) အိန္ဒိယတောင်ပေါ်ပစ်အမြောက်တပ်ရင်း၊ (၆၂) (၇၇) (၄၂၁) အိန္ဒိယစစ်မြေပြင်အင်ဂျင်နီယာ တပ်ခွဲများ၊ (၃၃၁) အိန္ဒိယဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ တို့ဖြစ်ကြသည်။

အမှတ် (၇) အိန္ဒိယတပ်မ၏ တာဝန်မှာ ဂန့်ဂေါတောင်ကြားမှ တောင်ဖက်သို့ချီတက်လာပြီး ဧရာဝတီမြစ်ကို ညောင်ဦးမှာ ဖြတ်ကူးပြီးနောက် မိတ္တီလာမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန်။ မိတ္တီလာမြို့ကို သိမ်းပိုက်လိုက်ခြင်းဖြင့် မြန်မာပြည်အလယ်ပိုင်း နှင့် မြောက်ပိုင်းရှိ ဂျပန်စစ်တပ်၏ ဆက်သွယ်ရေး လမ်းကြောင်းကို ပြတ်တောက်သွားစေရန် ဖြစ်သည်။ ၁၉၄၅ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် စတင်ချီတက်ခဲ့သော အမှတ် (၇) အိန္ဒိယတပ်မ၏ တာဝန်များမှာ

(က) ၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ထက် နောက်မကျစေပဲ ပေါက်မြို့ နှင့် ပတ်ဝန်းကျင်ကို သိမ်းပိုက်ရန်၊ ယောချောင်းကို ဖြတ်ကျော်ရန်

(ခ) ၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ထက် နောက်မကျစေပဲ ပခုက္ကူမြို့ကို သိမ်းပိုက်ပြီး ပခုက္ကူမြို့ နှင့် ချောက်မြို့ကြား ဧရာဝတီမြစ်ကို ဖြတ်ကူးမည့်နေရာ၌ ခြေကုတ်ယူထားရန်

ပခုက္ကူတိုက်ပွဲ

အမှတ် (၇) အိန္ဒိယတပ်မ၏ လက်အောက်ခံ အမှတ် (၁၁၄) အိန္ဒိယတပ်မဟာသည် တမူးသို့ပြောင်းရွှေ့ခဲ့ကာ တမူး နှင့် ဂန့်ဂေါကြား မိုင် ၁၈၀ ရှည်လျားသော ကားလမ်းကို ၁၅ ရက်အတွင်း တည်ဆောက်ခဲ့သည်။ အမှတ် (၁၁၄) တပ်မဟာသည် တပ်မဌာနချုပ်နှင့်အတူ ကလေးချိုင့်ဝှမ်းရှိ ကားလမ်းအတိုင်း စတင်ချီတက်ခဲ့သည်။ အမှတ် (၁၁၄) တပ်မဟာတွင် ပါဝင်သော အမှတ် (၄/၅) ဂေါ်ရခါးသေနတ်ကိုင်တပ်ရင်းသည် စစ်ဦးမှ ချီတက်ခဲ့သည်။
  
            အမှတ် (၄/၅) ဂေါ်ရခါးတပ်ရင်းသည် အိန္ဒိယနိုင်ငံ Merema မြို့မှ ၁၉၄၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထွက်ခွာလာရာ ပုလဲမြို့၏ တောင်ဖက်ရှိ Thanan ဒေသသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရောက်ရှိခဲ့သည်။ ဒီနောက်တော့ တပ်မဟာတစ်ခုလုံး ချီတက်နိုင်ဖို့ ကားလမ်းဖောက်လုပ်ခဲ့ကြသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ညတွင် တိုက်ပွဲဝင်ရန်အတွက် စတင်ချီတက်ခဲ့ကြသည်။ ကားတတန် ခြေလျင်တတန်ဖြင့် ချီတက်ခဲ့ကြရာ ၁၉၄၅ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင် ကံရွာသို့ ရောက်ရှိခဲ့သည်။ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ဂေါ်ရခါးတပ်ရင်းသည် ဆက်လက်ချီတက်ခဲ့ရာ ဂန့်ဂေါမြို့ကိုဖြတ်ပြီး ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ထီးလင်းမြို့ကို ရောက်ရှိလာသည်။ ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် တိုက်ကင်းထွက်သော တပ်ခွဲ (၃) သည် ဂျပန်တပ်များနှင့် စတင်ထိတွေ့ခဲ့သည်။ တပ်ခွဲ (၂) သည် နယ်မြေကိုရှင်းလင်းရာ ဂျပန်တပ်များ မရှိတော့ကြောင်းသိခဲ့ရသည်။ ပခုက္ကူကို သိမ်းပိုက်ရန် နှင့် ဧရာဝတီမြစ်ကို ဖြတ်ကူးရန် အထက်မှအမိန့်အရ အမှတ် (၄/၅) ဂေါ်ရခါးတပ်ရင်းသည် ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် တမူးမြို့သို့ ရောက်ရှိခဲ့သည်။ စစ်ဆင်ရေး နောက်အဆင့်ဖြစ်သော ပခုက္ကူမြို့ကို သိမ်းပိုက်ရန်အတွက် ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ရည်မှန်းချက်သို့ ဆက်လက် ချီတက်ခဲ့သည်။




ဆက်လက်ဖော်ပြပါမည်။ ။

No comments:

Post a Comment