July 28, 2014

အမှတ် ၄/၅ ဘုရင့်ဂေါ်ရခါးတပ်ရင်း၏ ပခုက္ကူတိုက်ပွဲ နှင့် ဧရာဝတီမြစ်ကူးစစ်ဆင်ရေး (အပိုင်း-၂)


တစ်ညလုံးချီတက်ခဲ့ပြီးနောက် တပ်ခွဲမှူး ဗိုလ်မှူး Beytagh ကွပ်ကဲသော တပ်ခွဲ (၃) သည် ရည်မှန်းချက်ဖြစ်သော ပခုက္ကူမြို့အနားသို့ ရောက်ရှိခဲ့ပြီး ဖေဖေါ်ဝါရီလ ၅ ရက်နေ့ မနက်စောစောတွင် ကားလမ်းကို ရှင်းလင်းလိုက်သည်။ ဂျပန်တပ်မှ ပစ်ခတ်လိုက်သော အမြောက်ကျည်ဆံများ ကြိုးကြားကြိုးကြား ကျရောက်နေပြီး ပခုက္ကူမြို့သို့ သွားရာလမ်းမှ ကံလှရွာတွင် ဂျပန်တပ်များ အလုံးအရင်းဖြင့် နေရာယူထားကြောင်း ထောက်လှမ်းရေးသတင်းပို့ချက်အရသိရသည်။ ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး J H Turner ဦးဆောင်သော တပ်ခွဲ၊ ဗိုလ်ကြီး Fisher ၏ တပ်ခွဲ (၁)၊ ဗိုလ်မှူး I.M Brown (MC) ၏ တပ်ခွဲ (၄) - တပ်ခွဲ ၃ ခွဲသည် ကံလှရွာကို မြောက်ဖက်မှ ၀ိုင်းပတ်ပိတ်ဆို့လိုက်သည်။ တပ်ခွဲ (၁) သည် ဘယ်ဖက်သို့ အနည်းငယ်ရွှေ့ကာ အရှေ့မြောက်ဖက်တွင်လည်းကောင်း၊ တပ်ခွဲ (၄) သည် ကံလှရွာ၏ အနောက်ဖက်တွင်လည်းကောင်း နေရာယူထားသည်။ န-နာရီ ညနေ ၅း၃၀ နာရီတွင် ကံလှရွာတွင်း တပ်စွဲထားသော ဂျပန်တပ်ကို စတင်တိုက်ခိုက်ခဲ့ရာ အလတ်စားစက်သေနတ် တပ်ဆင်ထားသော ဘန်ကာတခု အပါအ၀င် ဂျပန်တပ် နေရာများ၏တ၀က်ကို သိမ်းပိုက်နိုင်ခဲ့သည်။
တပ်ခွဲတခွဲသည် ကံလှရွာရှိ ဂျပန်တို့ကို အနောက်မြောက်ဖက်မှ တိုက်ခိုက်ရန် နေရာယူထားသည်။ ဒုတိယတပ်ခွဲက ကံလှရွာ၏ အနောက်ဖက်တွင် နေရာယူထားသည်။ န-နာရီ ညနေ ၅း၃၀ နာရီတွင် ကံလှရွာတွင်း တပ်စွဲထားသော ဂျပန်တပ်ကို စတင်တိုက်ခိုက်ခဲ့ရာ အလတ်စားစက်သေနတ် တပ်ဆင်ထားသော ဘန်ကာတခု အပါအ၀င် ဂျပန်တပ် စခန်းနေရာများ၏တ၀က်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ဂျပန်စစ်သား ၃၀ ကျဆုံးပြီး အများအပြား ဒဏ်ရာ ရသွားခဲ့သည်။ ကံလှရွာရှိ ဂျပန်တပ်များမှ အလတ်စားစက်သေနတ် ၂ လက်၊ အပေါ့စားစက်သေနတ် ၃ လက် နှင့် ဂျပန်ရိုင်ဖယ် ၂၀ လက်တို့ကို ရရှိခဲ့သည်။
တိုက်ပွဲတွင် ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ခဲ့သော တပ်ခွဲအရာခံဗိုလ် Bhagta Bahadur Gurung ဒဏ်ရာရရှိခဲ့သည်။ သူ၏ တိုက်ပွဲတွင်ထူးချွန်မှုအတွက် Indian Order of Merit (IOM) ဆုကိုချီးမြှင့်ခြင်းခံရသည်။ Military Cross (MS) တံဆိပ်ရထားသော ဗိုလ်မှူး Brown ကို နောက်ထပ် MS တံဆိပ်အတွက် ဘားတံဆိပ် (Bar) ချီးမြှင့်ခဲ့သည်။ ဤတံဆိပ် ၂ ခု အပါအ၀င် ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်စစ်မြေပြင်တွင် အမှတ် (၄/၅) ဂေါ်ရခါးသေနတ်ကိုင်တပ်ရင်းသည် ဆုတံဆိပ် ၄၁ ခုကို ရရှိခဲ့သည်။


ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ထောက်လှမ်းရေးသတင်းအရ ရည်မှန်းချက်နေရာအချို့တွင် ဂျပန်တပ်များ ဆက်လက် တပ်စွဲနေကြောင်းသိရသည်။ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် အမှတ် (၄/၁) ဂေါ်ရခါးတပ်ရင်းသည် (၄/၅) ဂေါ်ရခါးတပ်ရင်း အတွက် စစ်စခန်းကို တည်ဆောင်ပေးခဲ့သည်။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် ဗိုလ်မှူး Brown ၏ တပ်ခွဲ (၄) သည် ဂျပန်တို့၏စခန်းတစ်ခုကို တိုက်ခိုက်ရှင်းလင်းခဲ့ရာ ဂျပန်ဖက်မှ ၁၂ ယောက် ကျဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့၏။ အဓိကတိုက်စစ်ကို ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ နံနက် ၆း၄၅ နာရီတွင်စတင်ရန် စီမံထားသည်။ သို့သော်လည်း ရာသီဥတု အခြေအနေက ဗုံးကြဲတိုက်ခိုက်မည့် အစီအမံကို ပျက်ပြားစေခဲ့သည်။ ထို့ကြောင့် အမှတ် (၄/၅) ဂေါ်ရခါးတပ်ရင်းမှ ဗိုလ်မှူး Beytagh ကွပ်ကဲသော တပ်ခွဲ (၃) သည် အမှတ် (၂၂၅) အိန္ဒိယတင့်ကားတပ်မဟာ (Gordon Highlanders) မှ တင့်ကားများ အကူအညီဖြင့် ဂျပန်တို့ကို စတင်တိုက်ခိုက်ခဲ့သည်။ ဗိုလ်ကြီး Fisher ၏ တပ်ခွဲ (၁) သည် နောက်ရံနေရာမှ အရှေ့ဆုံးသို့တက်လာခဲ့သလို ဗိုလ်မှူး Brown (MC) ၏ တပ်ခွဲ (၄) သည် တင့်ကားများ၏ ပစ်ကူဖြင့် တပ်ခွဲ (၃) ၏ ညာတောင်ပံမှ ဂျပန်တို့ကို တက်တိုက်ခဲ့သည်။ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး Turner သည် ဂျပန်စနိုက်ပါ၏ ပစ်ခတ်မှုကို ခံလိုက်ရသောကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ ထို့ကြောင့် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး D E Owen က တပ်ရင်းကို ကွပ်ကဲရတော့သည်။ ဂျပန်တို့၏ခုခံမှုသည် ပြင်းထန်လှသောကြောင့် ဂေါ်ရခါးတပ်ရင်းသည် အရိုးကြေကြေ အရေခန်းခန်းဟူသော စိတ်ဓါတ်ဖြင့် တိုက်ပွဲဝင်ခဲ့ရာ နေ့လည်အချိန်တွင် အမှတ် (၄/၅) ဂေါ်ရခါးတပ်ရင်း သည် ၄င်း၏ရည်မှန်းချက်နေရာအားလုံးကို သိမ်းပိုက်ရရှိခဲ့သည်။ ထိုတိုက်ပွဲများတွင် ဂျပန်တို့သည် အပြင်းအထန် ခုခံခဲ့ရာ စစ်သုံ့ပန်း တစ်ဦးကိုသာလျှင် ဖမ်းမိနိုင်ခဲ့ပြီး ဂျပန်တို့၏အလောင်း ၅၁ လောင်းကို တွေ့ရှိခဲ့သည်။
သိမ်းပိုက်ရမိသောနေရာတွင် တပ်စွဲထားပြီး ဂျပန်တပ်များ၏ တန်ပြန်တိုက်စစ်ကို တွန်းလှန်နိုင်ရန် ဂေါ်ရခါး တပ်ရင်းတရင်းလုံး ခံစစ်ပြင်ခဲ့ကြသည်။ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ တညလုံး ဂျပန်တို့သည် ၆ ကြိမ်တိုင်တိုင် တန်ပြန် တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ၁၁ ရက် နှင် ၁၂ ရက်နေ့ညများတွင်လည်း ဂေါ်ရခါးတပ်ရင်း တပ်စွဲထားရာ နေရာများသို့ ဖေါက်ထွင်းဝင်ရောက်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ချေ။ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ညတွင် အမှတ် (၄/၅) ဂေါ်ရခါး တပ်ရင်းမှ ဗိုလ်ကြီး McBride ၏ တပ်ခွဲ (၂) နှင့် ဗိုလ်မှူး Beytagh ၏ တပ်ခွဲ (၃) တို့သည် ပခုက္ကူမြို့အနားရှိ ဆင်လမ်းကျေးရွာကို သိမ်းပိုက်လိုက်ပြီးနောက် ပခုက္ကူမြို့ကိုဝင်ရောက်ပြီး တပ်စွဲထားလိုက်သည်။ ဤသို့ဖြင့် အမှတ် (၇) အိန္ဒိယတပ်မ၏ စစ်ဆင်ရေးရည်မှန်းချက် ပထမအဆင့်ဖြစ်သော ဧရာဝတီမြစ် အနောက်ဖက်ကမ်း ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး နောက်အဆင့်ထိုးစစ်အတွက် အသင့်ဖြစ်လို့နေပါပြီ။ တိုက်ပွဲများတွင် ဖမ်းဆီးရမိလိုက်သော လက်နက်ခဲယမ်းများတွင် ၇၅ မမ အမြောက်တစ်လက်၊ အလတ်စားစက်သေနတ်တစ်လက်၊ အပေါ့စားစက်သေနတ် တစ်လက် တို့ပါဝင်သည်။ [၇၅ မမ အမြောက်ကို တိုက်ပွဲအောင်မြင်မှု အထိမ်းအမှတ်အဖြစ် ၁၉၆၃ ခုနှစ်တွင် အင်္ဂလန် နိုင်ငံသို့ သယ်ဆောင်သွားပြီး တပ်ရင်း၏ပင်မကင်းနေရာတွင် ပြသထားသည်။]
ဂေါ်ရခါးတပ်ရင်းဖက်မှ ထိခိုက်ကျဆုံးသူ နည်းပါးသော်လည်း တပ်ရင်းမှူး ကျဆုံးခဲ့ရသည်။ တပ်ရင်းမှ ၅ ယောက် ကျဆုံးပြီး ၂၆ ယောက် ဒဏ်ရာရရှိခဲ့သည်။ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် တိုက်ပွဲတွင် ဒဏ်ရာရထားသော တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး J H Turner ကျဆုံးသွားသည်။ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့၌ အမှတ် (၇) ဂေါ်ရခါးတပ်ရင်းမှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး A D MacConachie ရောက်ရှိလာပြီး အမှတ် (၄/၅) ဂေါ်ရခါး တပ်ရင်း၏ တပ်ရင်းမှူးအသစ်အဖြစ် တာဝန်ယူလိုက်သည်။ ကျဆုံးသွားသော ဒု-ဗိုလ်မှူးကြီး J H Turner မှာ လက်အောက်ငယ်သားများ၏ ရိုသေလေးစားမှုကို ခံရသူဖြစ်သည်။ သူသည် ကံလှ (ပခုက္ကူ) တိုက်ပွဲ ၂ ကြိမ်စလုံးတွင် စစ်ရေးအခြေအနေကို လျင်မြန်စွာသုံးသပ်ခဲ့ပြီး လျင်မြန်စွာ ဆုံးဖြတ်ချက်ချနိုင်ခဲ့သောကြောင့် တိုက်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည်။ ပထမအကြိမ် ကံလှတိုက်ပွဲ၌ အမြောက်ဆံများ၊ ကျည်ဆံများ ကျရောက်ပေါက်ကွဲနေသည့်တိုင် တည်ငြိမ်အေးဆေးစွာဖြင့် တိုက်ပွဲကို ကွပ်ကဲနိုင်ခဲ့သည်။
ဧရာဝတီမြစ်ကူးစစ်ဆင်ရေးများ


အမှတ် (၇) အိန္ဒိယတပ်မသည် ပခုက္ကူမြို့ကိုသိမ်းပိုက်ပြီးနောက်တရက် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် မဟာမိတ်တပ်များသည် ဧရာဝတီမြစ်ကို ညောင်ဦးမြို့မှ ဖြတ်ကျော်ခဲ့ကြသည်။ အမှတ် (၇) တပ်မ၏ မြစ်ဖြတ်ကူးရေးမှာ မျက်နှာစာကျယ်ဝန်းသည်။ အစဦးတွင် ရန်သူတို့၏ ခုခံမှုများကြောင့် ညောင်ဦး နှင့် ပုဂံမြို့များတွင် မြစ်ဖြတ်ကူးသော မဟာမိတ်တပ်များမှာ အောင်မြင်မှုကို မရခဲ့ချေ။ ပုဂံ နှင့် ညောင်ဦးမြို့များကို ဂျပန်တို့နှင့် မဟာမိတ်ဖွဲ့ထားသော အိန္ဒိယလွတ်မြောက်ရေး တပ်မတော် (Indian National Army-INA) မှ အမှတ် (၄) ပျောက်ကြားတပ်ရင်းကြီး၏ လက်အောက်ခံ တပ်ရင်း ၂ ရင်းတို့က ကာကွယ်ထားပြီး တပ်ရင်းတစ်ရင်းက အရန်အဖြစ်ရှိနေသည်။ ဧရာဝတီမြစ်ကို ဖြတ်ကူးနေစဉ် အရှေ့ဖက်ကမ်းမှ ပစ်ခတ်သော စက်သေနတ်ကျည်ဆံများကြောင့် လှေများကွဲပြီး နစ်မြောက်သောကြောင့် အမှတ် (၇) အိန္ဒိယတပ်မတွင် ကျဆုံးမှုများခဲ့ရသည်။ နောက်ဆုံးတွင် Gordon Highlanders တပ်မှ တင့်ကားများ၏ အကူပစ်အား၊ အမြောက်တပ်များ၏ အကူပစ်အားများဖြင့် ဧရာဝတီမြစ်ကိုဖြတ်ကူးနိုင်ခဲ့ပြီး ညောင်ဦးမြို့ကို သိမ်းပိုက်ခဲ့သည်။ ပုဂံမြို့တွင် INA ၏ အမှတ် (၉) တပ်ရင်းသည် (၁/၁၁) ဆစ်ခ်တပ်ရင်းကို အပြင်းအထန် ခုခံ တိုက်ခိုက်ခဲ့ပြီးနောက် ပုပ္ပါးသို့ ဆုတ်ခွားသွားခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။ ။

No comments:

Post a Comment