သာမန်ငြိမ်းချမ်းချိန်တွင် အမျိုးအစားတူတိုက်ယာဉ်များနှင့် လက်နက်များကို တပ်ရင်းတစ်ရင်းတည်းတွင်ထားရှိခြင်းက ကြံ့ခိုင်ထိန်းသိမ်းရေးနှင့်ပြင်ဆင်ရေးပိုင်းတွင် အဆင်ပြေပါသည်။ အလားတူပင် အမျိုးတူလက်နက်များကို တပ်ရင်းတစ်ရင်းတွင် စုထားခြင်းဖြင့် တစ်ဦးချင်းနှင့် (စိန်ပြောင်းအဖွဲ့ကဲ့သို့) အဖွဲ့ငယ်လိုက်လေ့ကျင့်ရေးများတွင် ပိုမိုထိရောက်ပါသည်။ မည်မျှပင်လေ့ကျင့်သားပြည့်ဝစေကာမူ ပူးပေါင်းလက်ရုံးတပ်ဖွဲ့များကို ပုံသေဖွဲ့စည်းထားပါက မတူညီသောအခြေအနေအမျိုးမျိုးတွင် အကောင်းဆုံးတုံ့ပြန်နိုင်မည် မဟုတ်ပါ။ ဥပမာအားဖြင့် ကန္တာရတွင်တိုက်ပွဲဝင်ရာ၌ စစ်ကစားရန်လွယ်ကူခြင်းနှင့် တာဝေးပစ်ခတ်နိုင်ခြင်းကြောင့် တင့်နှင့်တိုက်ခိုက်ရေးရဟတ်ယာဉ်များကို ပိုမိုအလေး သာထည့်သွင်းဖွဲ့စည်းရမည်ဖြစ်ပါသည်။ သို့ရာတွင် မြို့တွင်း၌တိုက်ခိုက်ရာ၌ အဆောက်အဦ များမှ ရန်သူကိုရှင်းလင်းရန် ခြေလျင်နှင့်အင်ဂျင်နီယာများ ပိုမိုလိုအပ်မည် ဖြစ်ပါသည်။ တပ်မတော်တိုင်းသည် ၎င်းင်း၏တပ်ဖွဲ့များကို အခြေအနေနှင့်လိုက်လျောညီထွေရှိအောင် ဖွဲ့စည်းရမည်ဖြစ်ပါသည်။
ပေါင်းစပ်လက်ရုံး (Combined arms) ဆိုသောဝေါဟာရ၏အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ လူအပေါ်မူတည်၍ ကွာခြားပါသည်။ ကျွန်ုပ်တို့အနေဖြင့် ထိုဝေါဟာရနှင့်ဆက်သွယ် နေသည့် အဓိပ္ပါယ်သုံးမျိုးရှိပါသည်။ ပထမဆုံးတစ်ချက်ဖြစ်သည့် ပေါင်းစပ်လက်ရုံးတပ်ဖွဲ့အယူအဆဟူသည် တိုက်ခိုက်ရေးလက်ရုံးများနှင့်လက်နက်စနစ်များကို တိုက်စွမ်းအားနှင့် ရှင်သန်ရပ်တည်နိုင်စွမ်း အမြင့်ဆုံးရရှိရေးအတွက် အသုံးပြုရမည့်အယူအဆဖြစ်ပါသည်။ စစ်လက်ရုံး(သို့မဟုတ်) စစ်လက်နက်တစ်ခု၏အားသာချက်ကို အခြားလက်ရုံး(သို့မဟုတ်) အခြားလက်နက်များ၏အားနည်းချက်အား ဖြည့်ဆည်းပေးနိုင်ရန်အသုံးပြုရမည်ဖြစ်ပါသည်။ ထိုသို့အသုံးပြုရာတွင် ပါဝင်ရမည့်စစ်လက်ရုံးနှင့် လက်နက်များမှာမူ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီပါ။
ယနေ့၌ ပေါင်းစပ်လက်ရုံးတပ်ဖွဲ့တွင်ပါဝင်သောလက်ရုံးများတွင် ခြေလျင်(ယန္တရားတင်/ယာဉ်တင်/ လေကြောင်းချီနှင့် အထူးတပ်ဖွဲ့များ)၊ သံချပ်ကာ၊ ကင်းထောက်၊ အမြောက်၊ တင့်ဖျက်၊ လေကြောင်းရန်ကာကွယ်ရေး၊ စစ်မြေပြင်အင်ဂျင်နီယာ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် မြေပြင်တိုက်ခိုက်ရေးလေယာဉ်များပါဝင်ပါသည်။ အချို့သောအခြေအနေ များတွင် ပေါင်းစပ်လက်ရုံးတပ်များ၌ ရန်သူ့ဆက်သွယ်ရေးကို လှည့်စားရန်(သို့) နှောင့်ယှက် ဖိဖျက်ရန်အတွက် အီလက်ထရောနစ်စစ်ဆင်ရေးအဖွဲ့များသာမက ပြောက်ကျားတပ်ဖွဲ့များ နှင့် နျူကလီးယား၊ ဓာတုဗေဒတပ်ဖွဲ့များအထိ ပါဝင်နိုင်ပါသည်။ ပေါင်းစပ်လက်ရုံးတပ် များတွင် တိုက်ခိုက်ရေးလက်ရုံးများအပြင် တိုက်ခိုက်ရေးအကူလက်ရုံး (ထောက်လှမ်းရေး၊ ဆက်သွယ်ရေး၊ ဓာတုညစ်ညမ်းမှုထောက်လှမ်းရေးနှင့် သန့်ရှင်းရေး၊ တပ်ထိန်း၊ ဆောက်လုပ် ရေးအင်ဂျင်နီယာ)နှင့် ၀န်ထမ်းတပ်များ (ထောက်ပံ့နှင့်ပို့ဆောင်ရေး၊ ဆေး၊ စစ်လက်နက် ပစ္စည်း) တို့လည်းပါဝင်ပါသည်။ ရေရှည်တိုက်ပွဲဝင်နိုင်ရန်နှင့် အောင်ပွဲရရှိရေးအတွက် အုပ်ချုပ်ထောက်ပံ့မှုမှာ သော့ချက်ဖြစ်ပါသည်။ သို့ရာတွင် အတိုချုံ့နိုင်ရန်အတွက် ပေါင်းစပ်လက်ရုံးတပ်ဖွဲ့၏ဖြည့်တင်းထောက်ပံ့မှုပိုင်းကို စစ်နည်းဗျူဟာပိုင်းနှင့် စပ်လျဉ်းသည့်အခါမှသာ သုံးသပ်ဖော်ပြသွားပါမည်။
““ပေါင်းစပ်လက်ရုံး”” ၏ ဒုတိယအဓိပ္ပါယ်မှာ လက်ရုံးတပ်ဖွဲ့ပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး အမျိုးမျိုးသောလက်နက်များကိုတိုက်ခိုက်ရေးတာဝန်အတွက် စုစည်းနိုင်သည့်ကွပ်ကဲမှုနှင့် ဆက်သွယ်ရေးစနစ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ၎င်းတွင် ပုံမှန်အချိန်၌ ဖွဲ့စည်းထား သော အမြဲတမ်းဖွဲ့စည်းမှုမျိုးပါဝင်သကဲ့သို့ စစ်ကာလတွင်တပ်ဖွဲ့ပေါင်းစုံကို ယာယီစုစည်း ဖွဲ့စည်းထားခြင်းမျိုးလည်း ပါဝင်ပါသည်။ ထိုသို့ တိုက်ခိုက်ရေးလက်ရုံးနှစ်ခု၊ သုံးခု ပေါင်းစပ် ဖွဲ့စည်းထားသည့်တပ်ဖွဲ့ကို များသောအားဖြင့် တိုက်ခိုက်ရေးအဖွဲ့(Combat team)၊ အထူးတာဝန်တပ်ဖွဲ့(Task force) ဟုခေါ်ကြပါသည်။
တတိယအချက်ဖြစ်သော ပေါင်းစပ်လက်ရုံးနည်းဗျူဟာဆိုသည်မှာ အမျိုးမျိုးသော လက်ရုံးများနှင့် လက်နက်များသည် တိုက်ပွဲတွင် တစ်ခုနှင့်တစ်ခုအကူပေးရန် အသုံးပြုသော နည်းလမ်းများကိုခေါ်ပါသည်။ ထိုအချက်သည် တပ်မတော်သားများနှင့် အသက်ဆိုင်ဆုံး အချက်ဖြစ်သော်လည်း သမိုင်းမှတ်တမ်းများနှင့် နည်းဗျူဟာလက်စွဲစာစောင်များတွင် သာမန်ကာလျှံကာသာဖော်ပြကြပါသည်။ ထို့ပြင် တပ်ရင်း(အင်အား ၃၀၀ မှ ၈၀၀ အထိ) နှင့် တပ်ခွဲ(အင်အား ၅၀ မှ ၂၀၀) အဆင့်များတွင်သုံးသည့် ပေါင်းစပ်လက်ရုံးစစ်နည်းဗျူဟာ များနှင့်နည်းလမ်းများမှာ စုစည်းအသုံးပြုရန်အခက်အခဲဆုံးဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အပြောင်းအလဲ အလွယ်ဆုံးဖြစ်သောကြောင့်ဖြစ်ပါသည်။
ပေါင်းစပ်လက်ရုံးတပ်ဖွဲ့များ၏ တိုးတက်မှုသမိုင်းကြောင်းကိုမလေ့လာမီ အခြေခံဝေါဟာရများကို လေ့လာထားသင့်ပါသည်။ စစ်နည်းဗျူဟာ (Tactic)ဆိုသည်မှာ တိုက်ပွဲတစ်ပွဲကိုအောင်မြင်ရန်အတွက် စစ်လက်ရုံးနှင့်ဝန်ထမ်းတပ်မျိုးစုံကို ပေါင်းစပ် အသုံးချသည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ အမြင့်ဆုံးအဆင့်ဖြစ်သည့် မဟာဗျူဟာ(Strategy) ဆိုသည်မှာ စစ်ပွဲကြီးတစ်ခုလုံး၏ရလာဒ်ကို တိုက်ရိုက်အကျိုးသက်ရောက်စေသည့် လုပ်ဆောင်မှုနှင့်စီမံချက်များ ဖြစ်ပါသည်။ ထို့ကြောင့် မဟာဗျူဟာသမားများသည် စစ်ရေးသာမက နိုင်ငံရေးရည်မှန်းချက်များနှင့် အစိုးရ၏ကန့်သတ်ချက်များကိုပါ ထည့်သွင်း စဉ်းစားရန်လိုအပ်ပါသည်။
အမေရိကန်ပြည်တွင်းစစ်နှင့် ပထမကမ္ဘာစစ်တွင် နည်းဗျူဟာနှင့် မဟာဗျူဟာကြား အဆင့်တစ်ဆင့် လိုအပ်ကြောင်းတွေ့မြင်ခဲ့ရပါသည်။ တိုက်ပွဲတစ်ပွဲချင်းနှင့် မဟာဗျူဟာ ရည်ရွယ်ချက်ကြီးတစ်ခုလုံးအကြားတွင် ဆက်သွယ်ပေးသည့်အဆင့်တစ်ဆင့် လိုအပ် ပါသည်။ ခေတ်သစ်စစ်ပွဲများသည် အလွန်ရှုပ်ထွေးသည့်အတွက် အောင်ပွဲရရှိရန် နပိုလီယန်ခေတ်ကကဲ့သို့ တိုက်ပွဲတစ်ပွဲတွင် အပြတ်အသတ်နိုင်လိုက်ရုံဖြင့် မဖြစ်နိုင်တော့ပါ။ ၂၀ ရာစု အစပိုင်းတွင် တပ်မှူးများသည် ထိုသို့မဟာဗျူဟာအဆင့်နှင့် နည်းဗျူဟာအဆင့် ကြားအတွက် ဝေါဟာရနှင့်အယူအဆများကို ကောင်းစွာမသိရှိခဲ့ကြပါ။ ယနေ့ခေတ်တွင်မူ ထိုကြားအဆင့်ကို စစ်ဆင်ရေးအဆင့်(Operational level of war)ဟု ခေါ်ဆိုပါသည်။ စစ်ဆင်ရေးအဆင့်တွင် မဟာဗျူဟာရည်မှန်းချက်အောင်မြင်ရေး အတွက် တိုက်ပွဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းလည်းပါဝင်ပါသည်။
တကယ်တမ်းတွင် စစ်နည်းဗျူဟာ၊ စစ်ဆင်ရေး၊ မဟာဗျူဟာအဆင့်တို့ကို တပ်ဖွဲ့စည်းပုံအပေါ်မူတည်ပြီး သတ်မှတ်သည်ထက် ၎င်းတို့၏ရည်ရွယ်ချက်၊ ရည်မှန်းချက်အပေါ်မူတည်ပြီး သတ်မှတ်သင့်ပါသည်။ ဥပမာ အားဖြင့် အထူးတပ်ဖွဲ့ငယ်လေးဖြင့် ရန်သူနောက်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ရန်သူ တပ်မှူးကိုခြုံခိုလုပ်ကြံသည်ဆိုပါစို့၊ ထိုသို့ခြုံခိုတိုက်ခိုက်မှုသည် ရန်သူအားစစ်ရေးအရ ရှုံးနိမ့်သွားအောင် ကွပ်ကဲထိန်းချုပ်မှုစနစ်ကိုထိခိုက်သွားစေပါက လက်တစ်ဆုပ်စာ အထူးတပ်ဖွဲ့လေး၏ လုပ်ဆောင်ချက်သည် စစ်နည်းဗျူဟာအဆင့် ထိတွေ့တိုက်ခိုက်မှုမကပဲ စစ်ဆင်ရေးအဆင့်(သို့မဟုတ်) စစ်မဟာဗျူဟာအဆင့်လုပ်ဆောင်မှုဟု သတ်မှတ်နိုင်ပါသည်။
(ဆက်လက်ဖော်ပြပါမည်။)


No comments:
Post a Comment