စွမ်းရည်မြင့်သတ္တုနှင့်သတ္တုစပ်အမျိုးမျိုးကို တီထွင်ခဲ့သည့် သတ္တုဗေဒပညာရှင် (Metallurgists) နှင့် သတ္တုအနုဗေဒပညာရှင် (Metallographics) များထဲတွင် ရုရှားနိုင်ငံ(ယခင်ဆိုဗီယက်ပြည်ထောင်စု)၏ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မဟာမျိုးချစ်စစ်ပွဲကြီးအတွင်း ရန်သူကိုချိုးဖျက်တိုက်ခိုက်နိုင်ရန်
စစ်လက်နက်ပစ္စည်းတီထွင်ခဲ့ကြသည့် ပညာရှင်များကို လုံးဝမသိသည်ကများပြီး အနည်းအကျဉ်းကိုသာ လူထုမှ သိရှိထားကြပါသည်။ တကယ်တမ်းတွင်လည်း ထိုသို့မသိကြသည်မှာ အံ့သြဖွယ်ကိစ္စတစ်ခု မဟုတ်ပါ။ စစ်သုံးပစ္စည်းများ ပြုလုပ်ရန်အတွက် သတ္တုနှင့် သတ္တုစပ်များ အဆင့်မြင့်ထုတ်လုပ်ပုံနည်းစဉ်များသည် နိုင်ငံတော်လုံခြုံရေးအတွက် အလွန့်အလွန်အရေးကြီးသောကြောင့် ကာလကြာရှည်စွာ အထိမခံသောကိစ္စနှင့် လျှို့ဝှက်ကိစ္စများ အဖြစ်သာ ထားရှိထားပါသည်။ စစ်ကြီးပြီးနောက် ဆယ်စုနှစ်များစွာကြာသည်အထိပင် သိပ္ပံပညာရှင်များ၏ အမည်နှင့် ၎င်းတို့၏ရှာဖွေတွေ့ရှိမှုများကို လျှို့ဝှက်ထားဆဲဖြစ်ပါသည်။ ထိုသို့လျှို့ဝှက်ထားသည့် သိပ္ပံပညာရှင်များ ထဲတွင် ကမ္ဘာ့အကောင်းဆုံး လက်နက်ကြီးကျည်ဒဏ်ခံ သံမဏိသံချပ်ကာ၏ဖခင် Andrei S. Zavyalov သည် လည်း အပါအ၀င်ဖြစ်ပါသည်။
လက်နက်ငယ်ကျည်ဒဏ်ခံနိုင်မှုမှ လက်နက်ကြီးကျည်ဒဏ်ခံနိုင်မှုသို့
တင့်တည်ဆောက်ရာတွင် လက်နက်ငယ်ကျည်ဒဏ်ခံ (Bulletproof) သံချပ်ကာမှ လက်နက်ကြီး ကျည်ဒဏ်ခံ (Shellproof) သံချပ်ကာသို့ ပြောင်းလဲသွားခြင်းသည် ၁၉၃၀ ပြည့်လွန်နှစ်များနောက်ပိုင်း ပြည်တွင်းနှင့်
ကမ္ဘာ့တင့်ထုတ်လုပ်ရေးစက်မှုလုပ်ငန်းများအတွက် အဓိကမှတ်တိုင်တစ်ရပ်ဖြစ်ခဲ့ပါသည်။ ထိုပြောင်းလဲမှုသည်
အပေါ့စားတင့်များ၏နေရာတွင် အလတ်စားတင့်နှင့်အကြီးစားတင့်များကို အစားထိုး သုံးစွဲလာကြစေသည်သာမက တင့်စစ်ဆင်ရေးများ၏ အဆင့်အတန်းကိုလည်း သိသိသာသာ တိုးတက်လာစေခဲ့ ပါသည်။ တင့်တပ်ဖွဲ့များသည် ကြည်းတပ်၏အဓိကထိုးနှက်တိုက်ခိုက်ရေးတပ်ဖွဲ့များ ဖြစ်လာကြပါသည်။ သံချပ်ကာယန္တရားတပ်ဖွဲ့အား အသုံးပြုမှုနည်းလမ်းမှာ လျှပ်တစ်ပြတ်စစ်ဆင်ရေး (Blitzkrieg) နည်းဖြစ်ပြီး ဂျာမန်တပ်မတော်မှ
ပထမဆုံးသုံးစွဲခဲ့ပါသည်။ ဤနည်းလမ်းမှာသံချပ်ကာယန္တရားတပ်ဖွဲ့ကို မြားခေါင်းပုံဖြင့် ရန်သူ၏ ခံစစ်၊ ဖောက်စစ်၊ ကြီးမားသည့်ရန်သူ့တပ်ဖွဲ့များအား နဂါးပတ်တိုက်စစ်တို့ဖြင့် လျှပ်ပြတ်သကဲ့သို့ ထိုးဖောက်တိုက်ခိုက်ခဲ့ရာ
မဟာဗျူဟာမြောက် အကဲသာမှုအတွက် စစ်ဆင်ရေးအောင်မြင်မှုများရရှိသည့် လှည့်ကွက်တစ်ခု ဖြစ်ခဲ့ပါသည်။

ထိုကဲ့သို့ ဖြစ်စေရန်မှာ တင့်ဖျက်အမြောက်များထက် ပိုမိုသာလွန်သည့် လက်နက်ကြီးဒဏ်ခံသံချပ်ကာကို လိုအပ်ပါသည်။ ၁၉၃၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် အနောက်ဥရောပကြည်းတပ်များသည် အခြားသော
တိုင်းပြည်များရှိ ကြည်းတပ်များထက် တိုက်စစ်ဆင်လာသည့် တင့်များ၏သံချပ်ကာကို ဖောက်ထွင်းနိုင်သည့် တင့်ဖျက်အမြောက်များ လက်ခံရရှိခဲ့ပါသည်။ တင့်၏သံချပ်ကာပြားများမှာ အများအားဖြင့် ၁၅ မီလီမီတာမှ ၂၀ မီလီမီတာထက် မပိုပေ။ (ဆိုဗီယက်၏ T-26, BT-5, BT-7 တင့်များ၊ ဂျာမန်၏ Panzer-1 နှင့် Panzer-2 တင့်၊ ချက်ကိုစလိုဗက်ကီးယား၏ 35(t) နှင့် 38(t) တင့်၊ ပြင်သစ်၏ H-35 နှင့် H-39 တင့်များ)။

(ဆက်လက်ဖော်ပြပါမည်။)

No comments:
Post a Comment